စစ်ကိုင်း မေ ၂၀
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မဇင်မိုးက လူငယ်/ လူရွယ်များ မူးယစ်ဆေး စတင်အလွဲသုံးစမ်းသပ်ရာမှ ဆေးဝါးများစွဲသွားပြီး ခံစားရမည့် အကျိုးအပြစ်များ၊ ကျခံရမည့် ပြစ်မှု/ပြစ်ဒဏ်များ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ကျောင်းသား/ ကျောင်းသူများ သိရှိလိုက်နာရမည့်အချက်များကို ဆွေးနွေးဟောပြောပေးခဲ့သည်။
ဆက်လက်၍ “မူးယစ်ကင်းစင် တို့ကျောင်းတော်တစ်ခွင်” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ခွဲ၍ ပန်းချီပြိုင်ပွဲကို ကျင်းပရာ စစ်ကိုင်းမြို့ရှိ ပန်းချီပညာရှင်များက ပြိုင်ပွဲစည်းကမ်းများ ကိုရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူ(၄၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ် ခဲ့ကြကြောင်းသိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုနိုင်စေရန် သင်တန်းများဖွင့်လှစ် ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်