ပုသိမ် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့၊သဲဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် သစ်ရောင်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတို့၌ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာပစ္စည်းများနှင့် ဒေသခံပြည်သူ များအတွက်စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှုတ်ဆက်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ အမှာစကားပြောကြားရာတွင် “စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ကွင်းဆင်းလာရောက်ခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း၌ မုန်တိုင်း၏အရှိန်ကြောင့် စာသင်ကျောင်းများ အနည်းငယ် ပျက်စီးမှုများရှိခဲ့ပါကြောင်းနှင့် ပျက်စီးမှုများအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့က ကျောင်းဖွင့်ချိန်အမီ ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းအနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက် နိုင်ရေး အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အနိမ့်ဆုံး KG+9 အလယ်တန်းအဆင့် ပြီးမြောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ငပုတောမြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်းအတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းအပ်နှံတက်ရောက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ထီး၊ မိုးကာ၊ စာရေးကိရိယာပစ္စည်းများအားလည်းကောင်း၊ ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုတင်ပြကြရာ ရပ်မိရပ်ဖများ၏တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ သစ်ရောင်း ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲတက်ရောက်၍ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်များနှင့်အတူ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်နိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အတန်းစဉ်ကူးပြောင်းတက်ရောက်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ အတန်းပညာရှိမှ အတတ်ပညာရရှိမှာဖြစ်ပါကြောင်း၊ အနိမ့်ဆုံး KG+9 အလယ်တန်းအဆင့် ပြီးမြောက်ရန် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ထီး၊ စာရေးကိရိယာပစ္စည်းများအားလည်းကောင်း၊ ဒေသခံပြည်သူများအတွက်စားသောက်ဖွယ်ရာ ပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများ၏တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ် သစ်တောဦးစီးဌာနက သဲဖြူကျေးရွာကမ်းခြေ၌ပြုလုပ်သည့် မိုးရာသီအကြိုအုန်းပင် စိုက်ပျိုးပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရားများ၊ ဒေသခံပြည်သူများနှင့်အတူ အုန်းပင်ပေါက်များအား တပျော်တပါး စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)