သရက် မေ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ သရက်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ဦးစီး၍ သာသနာ့ဗိမာန်တော်ကြီး၌ မေလ(၁၉)ရက်နေ့ ည(၈)နာရီတွင် နိုင်ငံကျော်ဓမ္မကထိက ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာအရှင်တေဇောသာရ Ph.D. (Buddhism India) ဒုတိယနေ့ တရားပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါတရားပွဲသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူများ၊ တရားချစ်ခင်တရားနာပရိတ်သတ်များ လာရောက်တရားနာယူခဲ့ပြီး ဓမ္မကထိက ဆရာတော်ဒေါက်တာအရှင်တေဇောသာရက မြတ်ဗုဒ္ဓ၏ ဟောကြားပြသဆိုဆုံးမခဲ့သည့် တရားဒေသနာတော်နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ကြရန် ဟောကြားခဲ့ပြီး အလှူရှင်စေတနာရှင်တို့က ဒုတိယည တရားပွဲတွင် ဓမ္မပူဇာလှူဒါန်းငွေ စုစုပေါင်းငွေကျပ် သုံးဆယ့်ရှစ်သိန်းလေးသောင်း ခြောက်ထောင်ရှစ်ရာကျပ်တိတိအား လှူဒါန်းခဲ့ပြီး ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေခဲ့ကြောင်း သိရှိရသည်။
ဆရာတော် ဒေါက်တာအရှင်တေဇောသာရ၏ တရားပွဲကို သရက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ မေလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိနှစ်ညတိုင်တိုင် ည(၈)နာရီအချိန်တွင် ဟောကြားသွားခဲ့ကြောင်း သိရသည်။
ဇော်ထက် (သရက်)