ပုလော မေ ၂၀
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့၌ ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် ၆ နာရီခွဲက ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းရှင်းလင်းခဲ့ကြောင်း သိရသည်။
မကြာမီအချိန်တွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာပေကိုလေ့လာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းရှိ မြက်သရိုက်များ၊ ခြံနွယ်ပိတ်ပေါက်များကို မြက်ရိတ်စက်များ ပေါက်တူးများဖြင့် ခုတ်တွင် ရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ဆယ်ယူ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကားများဖြင့် သယ်ဆောင်ခြင်း၊ မီးရှို့ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပုလောမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးဦးဆောင်၍ စီမံအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဆရာဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ စုပေါင်း၍ ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)