ကန့်ဘလူ မေ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ၊စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာများ(ကလောင်စုံ)၏ လူငယ်များ၏ မိုးကောင်းကင် စာအုပ်မှ ဆရာမနန်းမိုခမ်း၏ ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးမှ ယနေ့လူငယ်များသည် တဂိမ်းထဲဂိမ်းနေကြပြီး ကျောင်းမရောက်ဘဲ ဂိမ်းဆိုင်ရောက်ကာ အချိန်ဖြုန်းနေကြသည့် လူငယ်များကို တွေ့နေရကြောင်း၊ ငွေရေးကြေးရေးမပြည့်စုံလို့၊ စီးပွားရေးလုံးပန်းနေရလို့ စသည့် အကြောင်းပြချက်များဖြင့် စာမဖတ်နိုင်ကြကြောင်း၊ မိဘများအနေနဲ့ကိုယ့်က လေးငြိမ်နေရင် ပြီးရောဆိုပြီး လွှတ်မထားသင့် ကြောင်း၊ ကစားချိန်ကစား၊ စာဖတ်ချိန်စာဖတ်၊ အိပ်ချိန်အိပ်စေရ မည်ဖြစ်ကြောင်း၊ ကလေးများ ဂိမ်းဆိုင်သွားဖန်များလာပါက လူအများနှင့်ထိတွေ့ ဆက်ဆံရပြီး စရိုက်ပေါင်းစုံ ပါလာတတ်၍ စိတ်ဓာတ်များလည်းကြမ်းတမ်းလာတတ်ကြောင်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့် ဟူသော ဆိုရိုးစကားရှိပြီး စာပေက လူ့စိတ်ကိုသိမ်မွေ့စေခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားစေနိုင်ခြင်းတို့ကြောင့် လူငယ်များအနေဖြင့် ခေတ်မီချင်လျှင် စာဖတ်ရန်လိုအပ်ကြောင်းတို့ကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)