ရာသီဥတု ဖောက်ပြန်မှုကြောင့် ပွင့်ဖြူမြို့နယ်တွင် ကွမ်းအထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိနေ

ပွင့်ဖြူ    မေ  ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူများ ရာသီဥတု ဖောက်ပြန်မှုကြောင့် ကွမ်းခြံများ ကွမ်းရွက်အထွက်နှုန်း ကျဆင်းမှုများ ကြုံတွေ့နေရသော်လည်း ကွမ်းရွက်ဈေးကောင်းရရှိနေ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ယခုနှစ်မှာ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံနေရလို့ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြ‌သူတွေ ကွမ်းရွက်အထွက်နှုန်းများ ကျဆင်းလာတယ်ဗျ။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းက အခြား သီးနှံတွေနဲ့မတူဘူး၊ သေချာ စနစ်တကျနဲ့ စိုက်ပျိုးလုပ်ကိုင်ရတယ်။ အထူးသဖြင့် မှိုရောဂါ မကျရောက်စေဖို့နဲ့ အပင်‌ခြေ ရေမဝပ်အောင် ဂရုစိုက်ပေးရတယ်။ အဲဒီလို ဂရုတစ်စိုက် လုပ်ကိုင်ပေးမှသာ ကွမ်းခြံဟာ မှိုရောဂါကင်းစင်ပြီး ကွမ်းပင်တွေလဲ မြစ်ဆွေးရောဂါ ဝင်ရောက်မှု မရှိစေမှာ ဖြစ်ပါတယ်။ ကွမ်းခြံက စိုက်ပျိုးပြီး အချိန်တစ်လခွဲရှိရင် ခေါင်ညွန့်နှိမ်ပေးရပြီး သုံးလအကြာမှာ ရောင်းတန်းဝင် ကွမ်းများကို ဆွတ်ခူးရောင်းချလို့ရပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ ‌ရာသီဥတု ဖောင်ပြန်မှုကြောင့် အပူအအေးမမျှတလို့ ကွမ်းရွက်အထွက်နှုန်းတွေ ကျဆင်းသွားတယ်။ သို့သော်လည်း ဈေးကွက်မှာ ကွမ်းဈေးက တစ်ပိဿာကို ငွေကျပ် နှစ်သောင်းကျော် ရောင်းချနေရလို့ ကွမ်းခြံအတွက် စိုက်ပျိုးစရိတ်အရင်းအနှီးလေး ပြန်ရတော့ အဆင်ပြေပါတယ်”ဟု ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် မိသားစုစားဝတ်နေရေးအတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ စားတော်ပဲ၊ ပဲတိစိမ်း၊ ပဲကြီး၊ ပဲနောက်၊ ပဲလွမ်း၊ ပဲယင်း၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ကြံ၊ ငှက်ပျော၊ စားဖိုဆောင် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာအချို့တွင် ဒေသခံတောင်သူများက သီးနှံအပိုဝင်ငွေ တိုးပွားစေရန် ဥယျာဉ်ခြံမြေများ ပြုလုပ်၍ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ကွမ်းခြံများ ကွမ်းအထွက်နှုန်း လျော့နည်းကျဆင်းနေပြီး ကွမ်းဈေးကောင်း မွန်နေသည့်အတွက်ကြောင့်သာ ကွမ်းခြံစိုက်ပျိုးကြသူများ အဆင်ပြေနေကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)