မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

မကွေး မေ ၂၀

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ယနေ့နံနက် (၇)နာရီအချိန်က တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး(၅)ထပ်ဆောင်တွင်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့သို့စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် နယ်မြေခံ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်နှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေး မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  ပန်းခြံများအတွင်းရှိ အပင်များ ရှင်သန် ကြီးထွားရေးအတွက် မြေဆွပေးခြင်းနှင့် အလှမြက်ပင်များအား မြက်ရိတ်စက်များဖြင့် စနစ်တကျ ရိတ်သိမ်းခြင်း၊ အဆောက်အအုံနှင့်မလွတ်ကင်းသော သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များ ဆယ်ယူခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကား များဖြင့် စနစ်တကျ သိမ်းဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးကုသ စောင့်ရှောက်ရေးလုပ်ငန်းများအတွက် အဓိကမှိခိုအားထားရသော ဆေးရုံကြီးဖြစ်ပြီး ကျန်းမာရေး ကုသစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးကုသမှုဆောင်ရွက်သူများနှင့် ဆေးကုသရန်လာရောက်သည့် ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် ဆေးရုံကြီးအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများသည် လွန်စွာအရေးကြီးလှပါကြောင်း ပြောကြားသည်။  အဆိုပါ အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်းသန့်ရှင်းရေးအနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် သန့်ရှင်းသာယာလှပေရေးလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်အသီးသီးတွင်လည်း တိုင်းလုံးကျွတ်အနေဖြင့်ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပန်းခြံများတွင်လည်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                   

ကိုစည်သူ(မကွေး)