စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာမြို့မစျေး သန့်ရှင်းသပ်ရပ်လှပစေရန် သဲနှုန်းများအား စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့

စလင်း မေ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးကြီး အတွင်းအပြင် စလင်းချောင်းရေမြှင့်တက် ရေဝင်ရောက်ခဲ့ မှုကြောင့် စုပေါင်းသန့်ရှင်း ဆောင်ရွက်ကြခြင်းကို မေလ(၁၅)ရက်နေ့မှစတင်ကာ စျေးရောင်းစျေးဝယ်ပြည်သူအများ သွားလာရောင်းချနိုင်စေရန် စည်ပင်သာယာ စျေးအတွင်း စုပေါင်းသန့်ရှင်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်အတူ​ စျေးရောင်းချသူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း အဆိုးဝါးဆုံးရေကြီးရေလျှံမှု တစ်ခုအဖြစ်ဖြစ်ပွားခဲ့ရာ မေလ(၁၃)ရက်နေ့ညကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သဲနှုန်းရေများ စျေးရုံအတွင်းဝင်ရောက်ခဲ့ကာ စျေးရုံအတွင်းနှင့်အပြင် စျေးဆိုင်အားလုံးတို့တွင်   ချောင်းရေဝင်ရောက်ခြင်းနှင့်အတူ သဲနှုန်းများပါလာပြီး စျေးဆိုင်များနှင့် ရေမြောင်းများအတွင်း သဲနှုန်းများနှင့် အမှိုက်သရိုက်များ တင်ကျန်ရစ်သည်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမြင့်မြတ်ဦးဆောင်၍ မြို့နယ်မီးသတ်မှ မီသတ်ရေသယ်ယာဥ်များဖြင့် ရွှံနွံများသဲနှုန်းများရှင်းလင်း ဆောင်ရွက်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြရာ ယနေ့ မေလ (၂၀) ရက်နေ့တွင် စျေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုများအား စည်ပင်အမှုဆောင်အရာရှိနှင့် ကော်မတီဝင်များက သန့်ရှင်းသပ်ရပ်သော စျေးဆိုင်များမှသည် သန့်ရှင်းသော စျေးကုန်ပစ္စည်း အမျိုးမျိုးတို့အား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားပြန်လည် စည်ကားရောင်းဝယ်မှုရှိကြောင်းနှင့် ပြည်သူအများ စိတ်ချမ်းမြေ့စွာ ရောင်းဝယ်ကြကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့