ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏသွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက ​မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အမှတ်(၃)နယ်မြေ၊ မင်းအောင်ရပ် ကွက်အတွင်းရှိ နေအိမ်များတွင် သိုလှောင်ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများအား ဖုံးအုပ်‌ပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လန်းတွေ့သော ရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)