ချောင်းဦးမြို့နယ်၌မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးပညာပေးသင်တန်းဖွင့်လှစ်ပြီးမိုးစပါးမျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးအပ်

ချောင်းဦး  မေ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် မေလ ၁၈ရက်နေ့နံနက် ၁၀နာရီ အချိန်က မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအားဖိတ်ကြား၍ မိုးစပါး မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးအပ်ခဲ့ပြီး မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး ပညာပေးသင်တန်း ဖွင့်လှစ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထူးကျော် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားရာ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ အတူလက်တွဲပြီး အလုပ်လုပ်နေတာ မြင်ရတဲ့အတွက် ဝမ်းသာမိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို အထူးဂရုစိုက်ပြီး သီးနှံထုတ်ကုန်များအား ပိုမိုစိုက်ပျိုး ထုတ်လုပ်လာနိုင်ယင် တိုင်းပြည်တိုးတက် လာမှာဖြစ် ကြောင်း ပြောကြားသည်။ လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်မှလည်း စိုက်ပျိုးထုတ်လုပ်သလောက် အကျိုးရှိစေရန်မှာ စိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးဖို့ လိုအပ်သလို အထွက်နှုန်းတိုးစေမည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရရှိရန် လိုအပ်ကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များရရှိရေးအား စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး ခြံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မိုးစပါး ပန်းတိုင်အထွက်နှုန်းများ ရရှိစေရန်၊ တောင်သူများ မျိုးကောင်းမျိုးသန့် မျိုးစေ့များ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးထုတ်လုပ်လာစေရန်၊ တောင်သူ တဦးချင်း ဝင်ငွေတိုးတက် မြင့်မားလာစေရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ တောင်သူမှ တောင်သူသို့ အစီအစဥ် အတိုင်း ယခုတက်ရောက်လာသည့် တောင်သူများမှ နည်းပညာများအား မှတ်သားသွားပြီး နီးစပ်ရာတောင်သူများအား လက်ဆင့်ကမ်း မျှဝေပေးခြင်းဖြင့် တောင်သူများနည်းပညာကို ပိုမိုရရှိလာကြမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်စု ၇အုပ်စုမှ တောင်သူ၄၅ဦးအား တာဝန်ရှိသူများမှ မိုးစပါး ဆင်းသုခ မျိုးကောင်းမျိုးသန့် ဧက၁၅၀စာ ဖြန့်ဖြူး ပေးအပ်ခဲ့သည်။ သင်တန်းကို ဆက်လက်ပို့ ချပေးရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများမှ မျိုးစေ့ထုတ်နည်းပညာ၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊  ဓာတ်မြေသြဇာ အကျိုးရှိရှိ အချိုးကျ သုံးစွဲနည်းစနစ်များ၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ပေါင်းစပ်သုံးစွဲနည်းများ၊ ပျိုးသက်နု စိုက်ပျိုးနိုင်ရေးအတွက် ဘောင်ပျိုးနဲ့ ပျိုးထောင်နည်းစနစ်များ၊ ပိုးမွှားရောဂါ ဘက်စုံကာကွယ်နည်းစနစ်များ၊ စပါးတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများအကြောင်း ရှင်းလင်းဆွေးနွေး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 

ဝင်းမြင့်အောင်(ပြန်/ဆက်)