ကန့်ဘလူ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ် စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးဆက်သစ်လူငယ်များ တိုးတက်ဖို့အတွက် ငယ်ရွယ်စဥ်ကစပြီး အသိပညာအတတ်ပညာတွေကို လေ့လာဆည်းပူးကြရန်၊ စိတ်ဓာတ်မြှင့်တင်ရေး၊ အားကစားကို စိတ်ပါဝင်စားကာ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများ၊ ပြည်သူ့ စာကြည့်တိုက်တွင် အသင်းဝင်၍ သုတရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ပုံများကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ ရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင် များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)