ထန်းတပင်(ပဲခူး) မေ ၁၉
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ တို့ကမ္ဘာမြေလှပဖို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့ ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးလွင်တို့က မြေမျက်နှာပြင်နှင့်လေထုအတွင်း အပူရှိန်မြင့်မားလာခြင်းနှင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ စက်ရုံအလုပ်ရုံနှင့် စက်တပ်ယာဉ်များတိုးပွားလာမှုကြောင့် လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်ပေါ်ခြင်း၊ လေထု၏အရည်အသွေးပိုင်းကျဆင်းမှု အဓိကအကြောင်းအရင်းများ၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာကြီးပူနွေးလာရခြင်း၏ အရိပ်လက္ခဏာများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်းအကြောင်းအရာများ၊ လူနှင့် သက်ရှိသတ္တဝါများ၏ အနာဂတ်ကမ္ဘာ လှပရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ လျော့နည်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ မဆုံးရှုံးရေး၊ မြေယာမပျက်စီးရေး၊ သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာနေထိုင်ရေးနှင့် စိမ်းလန်းသောနေထိုင်မှုပုံစံဖြင့် အသွင်ကူးပြောင်းရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show မှ ဆွေးနွေးချက်များအား ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်အမည်ဖြင့် ဖွင့်လှစ်ထားသည့် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တင်ဆက်မည်ဖြစ်ပြီး ပြည်သူများဝင်ရောက်ကြည့်ရှု လေ့လာနိုင်ရန် စီစဥ်ရိုက်ကူးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)