ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာပေဗဟုသုတ တိုးပွားစေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဒေးဒရဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက  ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်စေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့​​​ပြီး စာဖတ်စွမ်းရည် ပြိုင်ပွဲကို ကျင်းပရာ  ကျောင်းသား၊ ကျောင်းသူလေးများ က တပျော်တပါး ပါဝင်ယှဥ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များကို  လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း