ပိုင်ကျုံ မေ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေ လွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် အန္တရာယ်ကင်းစွာဖြတ်သန်း သွားလာနိုင်စေရန် ရည်ရွယ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထား သည့် အာရှလမ်းမကြီးပေါ်တွင် သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီး ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် ထီလုံ-တာပေါင်-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင်တည်ရှိပြီး အရှည်(၁၂၀)ပေရှိကြောင်း ထိုတံတားကို ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့ (၁၄)မှ တာဝန်ရှိသူများတို့က တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း ယခုအခါ တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပါ၍ သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုတံတားဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အဆင့်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ BGFအမှတ်(၂) တပ်နယ်မှူး ဒုဗိုလ်မှူးကြီး စောကြာအင်းနှင့်အဖွဲ့ဝင်များ KNU/KNL/PC မှဥက္ကဋ္ဌစောထော့လေးနှင့်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပြီး ယင်းဖွင့်ပွဲအား ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်ဖွင့်လှစ်ပေးခြင်းနှင့် တံတားအားဖြတ်သန်းကြည့်ရှုပြီး အမှာစကားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်မှလည်းကောင်း၊ တံတားဆိုင်အချက်အလက်များကို ပြည်နယ်လမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးမှလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပြီး တံတားတည်ဆောက် ပေးခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာဖြတ်သန်းသွားလာနိုင်ပြီး ဖြစ်ကြောင်း၊ တံတားတည်ဆောက်ခြင်း ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများအားလုံးကို ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရ သည်။
နော်ခူး(ပြန်/ဆက်)