သာယာဝတီ၌ ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်

သာယာဝတီ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်ထက်အောင်က ကျေးရွာအုပ်စုများအား ချေးငွေအချိန်မီ ထုတ်ချေးနိုင်ရန်အတွက် ကြွေးကျန်များကို အချိန်မီပေးဆပ်ကြရန်နှင့် ချေးငွေများကို လယ်ယာလုပ်ငန်း ခွင်တွင်အကျိုးရှိစွာအသုံးပြုရန် မှာကြားခဲ့သည်။

ယင်းနောက် သာယာဝတီခရိုင်ဘဏ်ခွဲ မန်နေဂျာ ဒေါ်မိုးသီတာက ချေးငွေမူစနစ်နှင့် ချေးငွေစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်သာယာဝတီခရိုင်တွင် စိုက်ပျိုးစရိတ်ချေးငွေအစောဆုံးပြေကျေသည့်ဖားရွှေကျော်ကျေးရွာအုပ်စုမှ ချေးငွေစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌအား အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ ဂုဏ်ပြုဆုချီးမြှင့်ပြီး သာယာဝတီမြို့နယ်၊ ဖားရွှေကျော်ကျေးရွာအုပ်စုမှ ချေးငွေစိစစ်ရေးအဖွဲ့အတွင်းရေးမှူးအား သာယာဝတီခရိုင် မန်နေဂျာ ဒေါ်မိုးသီတာမှ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

၂၀၂၃-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သာယာဝတီခရိုင်ဘဏ်ခွဲတွင် တောင်သူ (၅၃၀၀)၏ စိုက်ပျိုးဧက (၃၈၇၀၀)အတွက် ချေးငွေ ကျပ် (၅၈၀၅၀) သိန်း လျာထားပြီး ၂၀၂၃ ခုနှစ်မေလ ၁၈ ရက်နေ့၌ ဖားရွှေကျော် ကျေးရွာအုပ်စုမှ တောင်သူ(၅၇)ဦး၏ စိုက်ပျိုးဧက (၄၈၈)အတွက်ချေးငွေ ကျပ် (၇၃၂) သိန်း ထုတ်ချေးပးခဲ့ပြီး မေလ ၁၉ ရက်နေ့၌ ဖားရွှေကျော် ကျေးရွာအုပ်စုမှတောင်သူ(၈၈)ဦး၏ စိုက်ပျိုးဧက (၆၀၂)အတွက် ချေးငွေ ကျပ် (၉၀၃) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)