ဘုတ်ပြင်း မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်တရားသူကြီး ဦးအောင်သိုက်၊ မြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဝင်းတို့က မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များနှင့် ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်းဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသီးသီး အသိပညားပေး ဟောပြောကြားခဲ့ကြသည်။
ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှုများ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို ပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)