ပဲခူး မေ ၁၉
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကျေးလက်နေတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား အတိုးနှုန်းသက်သာစွာဖြင့် ပံ့ပိုးပေးလျက်ရှိသလို အောက်ခြေတွင်လည်း အမှန်တကယ်အကျိုးရှိရှိ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီးအနေဖြင့် ငွေကျပ်(၈)ဘီလီယံ ခွဲဝေရရှိခဲ့သဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍတို့အတွက် လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs လုပ်ငန်းများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်ပေးလျက်ရှိသလို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ကျေးရွာအဆင့်ထိ ကော်မတီအသီးသီးဖွဲ့စည်း၍ အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး အလွဲသုံးစားမှုမဖြစ်စေရေး အထူးအလေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် တောင်သူများအတွက် အဓိကလိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးအထောက်အကူပြု ပစ္စည်းများဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်(၁၅၅၇၅)သိန်း၊ တောင်ငူခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်(၁၁၈၃၀)သိန်း၊ ညောင်လေးပင်ခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်(၉၈၉၀)သိန်း၊ ပြည်ခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်(၁၄၈၉၅)သိန်း၊ သာယာဝတီခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်(၁၆၆၆၀)သိန်း၊ နတ်တလင်းခရိုင်၌ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်(၁၁၀၅၀)သိန်းတို့အား လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)