ပုလော မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ယနေ့ကမ္ဘာ့တွင် ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင် ဆိုင်ရာ ပြသနာအများစု၏ (၉၀) ရာခိုင်နှုန်းခန့်သည့် သဘာဝအကြောင်းတရားများထက် လူများ၏လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာရကြောင်း၊ ထိုအထဲတွင် ပလပ်စတစ်ညစ်ညမ်းမှုသည် တစ်ခုအပါအဝင်ဖြစ်ကာ မြို့ပြ၏သန့်ရှင်းသာယာလှပမှုကို ထိခိုက်စေခြင်း၊ ရေမြောင်းများနှင့် နောက်ဖေးလမ်းကြား များအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများပိတ်ကာ မကြာမဏ ရေကြီးရေလျှံ မှုများဖြစ်ပေါ်ပြီး လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ် အတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်ရုံသာမက မြေတုကိုပါ ညစ်ညမ်းစေခြင်း၊ မြေဆီလွှာထဲ့တွင် နှစ်ပေါင်း ၅၀၀-၁၀၀၀ ခန့်ကြာမှ ဆွေးမြေ့နိုင်ပြီး အလွယ်တကူ ပြိုကွဲပျက်စီးမှုမရှိခြင်း၊ စိုက်ပျိုးမြေများ ထိခိုက်စေနိုင်ခြင်း၊ အပင်ကြီးထွားနှုန်း အသီးအထွက်နှုန်းများ ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က ရေထုညစ်ညမ်းစေခြင်း ရေမြောင်းများမှတဆင့် မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားပြီး ကမ္ဘာ့ရေထုကို ညစ်ညမ်းစေခြင်း၊ ရေမြေသတ္တဝါများမှ အစာအမှတ်ဖြင့်စားသုံးမိပြီး၊ ဂေဟာစနစ်များကို ပျက်စီးစေခြင်း၊ ရေအရည်အသွေးကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ပလတ်စတစ်ပစ္စည်းများကို မီးရှို့ရာမှ လေထုညစ်ညမ်းစေပြီး အီသိုင်းလင်းအောက်ဆိုဒ်နှင့် ဒိုင်အောက်စင် ဓာတ်ငွေ့များကဲ့သို့ အဆိပ် ဓာတ်ငွေ့များထွက်ရှိခြင်း၊ ထိုဓာတ်ငွေ့များကိုရှုရှိုက်မိပါက လူတို့၏သွေးနှင့်ဆီးများကိုရောက်ရှိပြီး ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်းကို အသိပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်