ဒေးဒရဲ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဦးဆောင်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီက လူစည်ကားရာ လမ်းဆုံ၊ လမ်းမများတစ်လျောက်တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းများနှင့်အညီ လိုက်နာကြရန်၊ ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်နည်းများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ပါးစပ်၊ နှာခေါင်းစည်း Maskများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း