ကော့သောင်းမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးTalk Show ပြုလုပ်

ကော့သောင်း  မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showတွင် ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးဆိုင်ရာသိလိုသည့် အကြောင်းအရာများအားမေးမြန်းရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်နိုင်မိုးက အဆိုပါ Talk Show ပြုလုပ်ရသည့် အကြောင်း၊ ပလတ်စတစ် ထုတ်လုပ်သုံးစွဲနေမှု၊စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိနေမှုပမာဏများအကြောင်း၊ ပတ်ဝန်းကျင်ပျံ့နှံ့ရောက်ရှိနေသည့် ပလတ်စတစ်အသုံးအဆောင်ပစ္စည်းများနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ဆိုးကျိုးများအကြောင်း၊ကမ္ဘာ့နိုင်ငံများတွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့အပြင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ လျှော့ချမှုနည်းလမ်းများ၊ ပြန်လည်ပြုပြင် ထုတ်လုပ်မှုနည်းလမ်းများ၊ စီမံခန့်ခွဲမှုစနစ်များ၊ စွမ်းအင်ထုတ်လုပ်ခြင်း၊ ပတ်လည်စီးပွားရေးစနစ်ဖြင့် ကုန်ကြမ်းပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းစသည့် နည်းလမ်းများဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)