မုံရွာ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ခရိုင်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးခန်း(၅)ခုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့ ဆူးလေကုန်း ရပ်ကွက်ရှိ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ အေးမိုးထက် ကြီးမှူးဖွင့်လှစ်သည့် “ကြည်လင်ဗွီးရှင်းမျက်မှန်" မျက်စိ အထူးကုစမ်းသပ်ခန်းနှင့် မျက်မှန်အရောင်းခန်းမသို့လည်းကောင်း၊ ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာစိမ်းလဲ့လဲ့သောင်း ကြီးမှူးဖွင့်လှစ်သည့် ကင်ဆာအထူးကုဆေးခန်းနှင့် သမားတော်ကြီး ဒေါက်တာစိုးမော် ကြီးမှူးဖွင့်လှစ်သည့် အထူးကုဆေးခန်း တို့ကိုလည်းကောင်း၊ ဒေါနခြံရပ်ကွက်ရှိ မျက်စိအထူးကု ဒေါက်တာအေးကို ကြီးမှူးဖွင့်လှစ်သည့် အထူးကုဆေးခန်းနှင့် ဒေါက်တာညီညီ ကြီးမှူးဖွင့်လှစ်သည့် အထူးကုဆေးခန်းတို့သို့ ရောက်ရှိပြီး အဆိုပါ ပုဂ္ဂလိက ဆေးခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိမရှိ၊ ပုဂ္ဂလိကဆေးခန်း လုပ်ငန်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်ရန် အနီးကပ်ကြီးကြပ်စစ်ဆေးပြီး သက်တမ်းကုန် လိုင်စင်များအား သက်တမ်းအသစ်တိုးရန်၊ နှစ်စဥ်သတ်မှတ်ထားသည့် အခွန်ပေးဆောင်ထားခြင်း ရှိ၊ မရှိ၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ရှိ၊ မရှိ နှစ်စဥ် သတ်မှတ်ထားသည့် စည်ပင်လုပ်ငန်းလိုင်စင် ရှိ၊ မရှိ၊ လျှပ်စစ်ကြွေးကျန်များ ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး မီးဘေး ကြိုတင်ကာကွယ်ရေးအတွက်လည်း လိုအပ်သည်များကို အကြံပြု လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)