မြန်အောင် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် ယွန်းတာကြီး တန်းရှိ နှစ်ပေါင်း (၁၃၀)ခန့် သက်တမ်းရှိ လက်ခုပ်ပင်ကြီး၏ သစ်ကိုင်း ယမန်နေ့နံနက်က ကျိုးကျမှုကြောင့် သစ်ပင်အောက်ရှိ လူနေအိမ် (၃)လုံး ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ကိုင်းကျိုးကျရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း သွားရောက်ကြည့်ရှု၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက နေအိမ်အပျက်အစီးများ ရှင်းလင်းရေး စီမံဆောင်ရွက်ပေးခဲ့ကြသည်။
လက်ခုပ်ပင်ကြီး၏ သစ်ကိုင်းကျိုးကျမှုကြောင့် ဦးဝင်းဗိုလ်၊ ဒေါ်ခင်ဝင်းကြည်၊ ဦးဇော်ရဲအောင် တို့၏ နေအိမ်(၃)လုံး (သွပ်မိုးပျဥ်ကာ) ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၃)စု လူဦးရေ (၁၀)ဦး ဘေးသင့်ခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မြန်အောင် ပြန်/ဆက်