လှိုင်းဘွဲမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် စုပေါင်းမျိုးစေ့ကြဲပက်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ မေ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊  မဲလောင်းလေးကျေးရွာတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံများ ပန်းတိုင်အထွက်တိုးစေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့    ထောက်ပံ့‌ပေးအပ်ပွဲနှင့် (ပိုက်ဆံလျှော်)မျိုးစေ့  ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းအမှတ်-၁၅၆၄၊ ဦးပိုင်အမှတ်- (၈)ရှိတောင်သူ   ဦးလှမင်းအောင်၏ လယ်မြေ၌   ပြုလုပ် ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက မိမိတို့‌ဒေသတွင်း၌ လူဦးရေတိုးပွားလာမှုနှင့်အတူ တောင်သူများ အနေဖြင့် ထွန်ယက်စိုက်ပျိုးကြရာတွင်  ဆန်စပါးများ  ပန်းတိုင်အထွက်တိုးရန်လိုအပ်ပါကြောင်း၊ မိမိတို့၏လယ်မြေများတွင် မိုးစပါးစိုက်ပြီးလျှင်၊   ဆောင်းသီးနှံများကိုပါ ကြိုးစား၍ စိုက်ပျိုးကြစေလိုကြောင်း၊  စိုက်ပျိုးစရိတ်ချေးငွေများကို လိုအပ်မှုရှိလျှင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်  အတိုးနှုန်းချိုသာစွာဖြင့် ချေးယူ၍စိုက်ပျိုးနိုင်ကြောင်း ရှင်းပြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက  ပိုက်ဆံလျှော်နှင့် အခြားသစ်စိမ်းပင်များကို သစ်စိမ်း မြေသြဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးထားရှိပြီး ထယ်ထိုး နှစ်မြုပ်ကြရမည့်အချိန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပင်စိုက်ပျိုးခြင်းဖြင့် မိမိတို့၏လယ်မြေမှ စပါးပင်အတွက်ရရှိမည့်   နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်၊ ပိုတက်ရှ်စသည့် အာဟာရဓာတ် ရာခိုင်နှုန်းများ၊   လယ်(၁)ဧကတွင် (ပိုက်ဆံလျှော်)မျို့စေ့(၄)ပြည်  ကြဲပက်လျှင်လုံလောက်ကြောင်း၊ စပါးစိုက်ပျိုးရေးတွင် တစ်ဧက အထွက်နှုန်းတိုးရေးအတွက် ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေသြဇာများကိုလည်း မဖြစ်မနေ တွဲဖက်အသုံးပြုရန်လိုအပ်ပါကြောင်း ရှင်းပြခဲ့ပြီးနောက်  မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့(၃)တင်းကို   ပေးအပ်ခဲ့ရာ    မဲလောင်းလေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများက လက်ခံ ရယူခဲ့ကြသည်။

ဆက်လက်၍  တောင်သူဦးလှမင်းအောင်၏ လယ်မြေ(၉)ဧကခွဲပေါ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊တောင်သူများက သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)