ရှမ်းရွာသစ် မေ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ" အိုမီခရွန်ရောဂါ" အကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မိုးအေးက ပြည်သူများ အသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နန်းညိုညိုသင်းက ယခုအချိန်တွင် မျိုးရိုးဗီပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်ရောဂါပိုးများသည် နိုင်ငံအနှံ့၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးများကူးစက်လျက်ရှိကြောင်း၊ လတ်တလောဖြစ်ပွားနေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကာကွယ်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက သတ်မှတ် ထားသော စည်းကမ်းများကိုလိုက်နာကြရန်လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် အိုမီခရွန်ရောဂါမျိုးစိတ်သစ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့် အိုမီခရွန်မျိုးစိတ်သစ်နှင့်ပတ်သက်၍ လိုက်နာသင့်သည့် အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)