သရက်ချောင်းမြို့နယ်တွင် ဒေသထွက်ဒူးရင်းသီး ယခင်နှစ်ထက်အထွက်နှုန်းနည်း၍ စျေးကောင်းရရှိ

သရက်ချောင်း   ဧပြီ    ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်နေတောင်သူများသည် ဥယျာဥ်ခြံလုပ်ငန်းများလုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီနှံများစိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံ ဒူးရင်းသီးပေါ်ချိန်ဖြစ်၍ ဒူရင်းသီးများရောင်းချကြရာမှ စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ရရှိကြောင်း ဥယျာဥ်ခြံလုပ်ကိုင်သူတောင်သူများထံမှသိရသည်။

မြို့နယ်အတွင်းရှိ ဥယျာဥ်ခြံလုပ်ကိုင်သူတောင်သူများသည် ဒူးရင်းပင်စိုက်ပျိုးရာတွင် ကိုင်းကူးစနစ်နှင့် အရိုင်းပင်ဟူ၍ နှစ်မျိုးခွဲခြားစိုက်ပျိုးလျက်ရှိရာ အရိုင်းပင်ကိုသာ အဓိကထား စိုက်ပျိုးကြ ပြီး ယခင်နှစ်က မေလအစောပိုင်းတွင် ဒူရင်းသီးပေါများစွာထွက်ရှိသော်လည်း ယခုနှစ်တွင်ဒူရင်းသီးအထွက်နှုန်းနည်း၍ စျေးနှုန်းများအဆမတန်မြှင့်တက်သော်လည်း ပြည်သူများက ဝယ်ယူစားသုံးကြပြီး ဒူးရင်းသီးရောင်းချသူများအနေဖြင့် စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ရရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် ယခင်နှစ်က ဒူးရင်းသီးစျေးနှုန်းမှာ အရွယ်အစား အကြီး၊ အသေး အလုံးပေါ်မူတည်၍ တစ်လုံးလျင် ငွေကျပ် ၁၅၀၀မှ ၄၀၀၀ကျပ်အထိသာစျေးရရှိပြီး ယခုနှစ်တွင် ဒူးရင်းသီးစျေးနှုန်းမှာ အရွယ်အစား အကြီး၊ အသေး အလုံးပေါ်မူတည်၍ တစ်လုံးလျင် ငွေကျပ် ၃၀၀၀မှ ၁၀၀၀၀ကျပ်အထိစျေးကောင်းရရှိကြောင်း ဒူးရင်းသီးရောင်းချသူများအနေဖြင့် မြို့ပေါ် စျေးများနှင့် ထားဝယ်မြို့သွားရောက်၍ ရောင်းချလျက်ရှိကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)