ကြာအင်းဆိပ်ကြီးမြို့နယ်၌ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့် သဘာဝမြေဩဇာပြုလုပ် သုံးစွဲခြင်း နည်းပညာပေးသင်တန်း လက်တွေ့ပို့ချ

ကြာအင်းဆိပ်ကြီး မေ ၁၉

လယ်ယာသီးနှံစိုက်ပျိုးမြေများ၌ မြေဆီမြေလွှာများဖွံ့ဖြိုးတိုးတက်ပြီး အသီးအနှံများအထွက်နှုန်း တိုးတက်မြင့်မားလာစေရေး တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများ ဝယ်ယူသုံးစွဲမှု ကုန်ကျစရိတ်လျော့ချနိုင်စေရေးအတွက် လယ်ယာမြေတွင် သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ် သုံးစွဲခြင်း နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ သင်တန်းခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း နည်းပညာသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးသိန်းက တောင်သူများအား စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်မြင့်မားလာစေရေး စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုး ထုတ်လုပ်နိုင်စေရေး သီးနှံအထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်သီးနှံများအား ရွေးချယ်စိုက်ပျိုးနိုင်စေရေးစသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝေလင်းညွန့်က သင်တန်းပို့ချပေးရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဇော်လတ်က တောင်သူများအား အဆိုပါဦးစီးဌာနမှ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းအား အလေးထား လေ့လာ ကြည့်ရှုသင်ယူမှတ်သား၍ မိမိလယ်ယာမြေများ မြေဆီလွှာများဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ အထွက်နှုန်းမြင့်မားတိုးတက်ကောင်းမွန်လာစေရေး ဓာတ်မြေဩဇာဝယ်ယူသုံးစွဲမှုကုန်ကျစရိတ် သက်သာလာစေရေးအတွက် သဘာဝမြေဩဇာများအား မိမိတို့ကိုယ်တိုင်ပြန်လည်ပြုလုပ်၍ သုံးစွဲစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စု/ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများအား တာဝန်ရှိသူများမှ သဘာဝမြေဩဇာပြုလုပ်ရာတွင် အသုံးပြု သည့် တင်လဲရည်ဗူးများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး