အောင်လံမြို့၌ ပလတ်စတစ်ပစ္စည်းများအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

အောင်လံ မေ ၁၉

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့နယ် မြနန္ဒာဈေးကြီးအတွင်း၊ အပြင်ဈေးဆိုင်တန်းများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဈေးရောင်းဈေးဝယ် ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့၊ ပလတ်စတစ်ပစ္စည်းများ၏ ဆိုးကျိုးများ၊ ပလတ်စတစ်ပစ္စည်းများအား ငြင်းပယ်သင့်သည့်အချက်များ၊ ပလတ်စတစ်ညစ်ညမ်းမှုအား တိုက်ဖျက်နိုင်သည့် နည်းလမ်းများအကြောင်း၊ ပလတ်စတစ်ပစ္စည်းများ ထုတ်ယူခြင်းအကြောင်း၊ ပလတ်စတစ်ပစ္စည်းများကို အသုံးပြုမှုများပြားလာခြင်းအကြောင်းများ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်ဆက်)