ပခုက္ကူ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အရေးပေါ်ရေလိုအပ်လျက်ရှိသော ရပ်ကွက်များအတွင်းရှိ ပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းကစတင်ပြီး အခမဲ့လိုက်လံ ရေဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါရေပေးဝေမှုကို ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၏လမ်းညွန်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှမီးသတ်စခန်းမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်လေးစီးဖြင့် မေလ၁၈ရက်နံနက်ပိုင်းကစတင်ပြီး အရေးပေါ်ရေလိုအပ်သည့် အမှတ်(၁)၊(၄)၊(၉)နှင့်(၁၀)ရပ်ကွက်များအတွင်းရှိ ပြည်သူများထံ ရေများအခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
ပခုက္ကူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မေလ ၁၄ ရက် ညနေပိုင်းကကွန်ကရစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းတာဝါတိုင် ကျိုးကျမှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီးလည်းပြတ်တောက်လျက်ရှိကြောင်း၊ ထိုလျှပ်စစ်မီးပြတ် တောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေဖြင့် သောက်သုံးရေနှင့်ချိုးရေသုံးစွဲမှုများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် ရေရှားပါးသည့်အခက်အခဲ၊ ပြဿနာများဖြေရှင်းပေးနိုင်ရေးတို့အတွက် မီးသတ်ရေသယ်ယာဉ်များဖြင့် လိုက်လံဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မြို့နယ်မီးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဘာမီသာ(ပခုက္ကူ)