မုံရွာ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအတွက် အိမ်တွင်းမှုလုပ်ငန်းများအား ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်စေရန်၊ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်တို့ ရည်ရွယ်ပြီး ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သင်တန်းသားသင်တန်းသူများအနေဖြင့် ယခုဖွင့်လှစ်သော ဆပ်ပြာပြုလုပ်နည်းများကို သေချာစွာလက်တွေ့ သင်ကြားမှတ်ယူကြပြီး တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ကြစေကြောင်းနှင့် အားလုံးအလေးထား သင်ယူကြစေကြောင်း တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းကို သင်တန်းနည်းဆရာဆရာမများက ရေချိုးဆပ်ပြာရည်၊ အမွှေးဆီ(လျှော်မွှေး)၊ မန်ကျည်းဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည် အမျိုးမျိုးပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းကို မုံရွာမြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသော သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၂၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလ(၂)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)