ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး

ဇီးကုန်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၈)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ အတိုးနှုန်းအနေဖြင့် ငွေကျပ်တစ်ရာလျှင် (၁)နှစ်ငါးကျပ်နှုန်းဖြင့် သီးနှံပေါ်ချိန် သတ်မှတ်ကာလတွင် အရင်းအတိုးနှင့်တစ်ကွ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁)အုပ်စုမှ တောင်သူ(၆၀၀၀)ဦး၊ စိုက်ဧက(၄၀၀၀၀)အတွက် ငွေကျပ် သိန်း(၆၀၀၀၀)အား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တောင်သူ(၁၃၀)ဦး၊ စိုက်ဧက(၈၄၈)ဧကအတွက် ငွေကျပ်(၁၂၇၂၀၀၀၀၀)ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း ဇီးကုန်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)