ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) လမ်းပေါ်ရှိ တံတားအမှတ် (၅/၃၀) ဖွင့်လှစ်

ဘားအံ မေ ၁၉

ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့နယ်တို့ကို အဓိကဆက်သွယ်ပေးသော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းပေါ်မှ အရှည် ၁၂၀ ပေရှိသော သံကူကွန်ကရစ်(၂)လမ်းသွားတံတား၊ တံတားအမှတ် (၅/၃၀)ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါတံတား တည်နေရာ၌ ကျင်းပသည်။

တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းပေါ်တွင် ယခုဖွင့်လှစ်သည့်တံတားအပါအဝင် တံတား(၇)စင်းမှာ ယခင်က ခံနိုင်ဝန် ၁၃ တန်သာခွင့်ပြုခဲ့သဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများဖြစ်ခဲ့ရပြီး အဆိုပါတံတား(၇)စင်း တည်ဆောက်ပြီးစီးပြီဖြစ်၍ ကုန်+ယာဉ် (၆၀)တန် တင်ဆောင်၍ ၎င်းတံတားများပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ အသစ်တည်ဆောက်ရန် ကျန်ရှိသည့် တံတား (၇)စင်းအနက်  ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၁၈၅ သန်းဖြင့် တံတား (၄)စင်းကို သံကူကွန်ကရစ်တံတားအဖြစ် အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကာ ၂၀၂၃-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ကျန်ရှိသည့် တံတား (၃)စင်းကို ဦးစားပေးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါတံတားများအားလုံးတည်ဆောက်ပြီးစီးပါက လမ်းတစ်လျှောက်လုံးရှိ တံတားများပေါ်တွင် ကုန်+ယာဉ်(၆၀)တန်ထိ တင်ဆောင်ပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက တံတားဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က တံတားဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရ ပစ္စည်းများအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌစောထော့လေး၊ ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ အခြေချစစ်ဗျူဟာမှူး(လှိုင်းဘွဲ) ဗိုလ်မှူးကြီး စံထူးကျော်၊ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးရုံး၊ အမှတ်(၂) တပ်နယ်မှူးဗိုလ်မှူးကြီး စောကြာအင်းတို့က တံတားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တံတားကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်း၍ တံတားသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် တံတားအမှတ်(၅/၃၀)သည် အရှည်ပေ(၁၂၀)၊ အကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်း အကျယ် ၂၈ ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၇၅၇)သန်းဖြင့် အကုန်အကျခံ တည်ဆောက် ခဲ့ကာ ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-ကော့ကရိတ်-မြဝတီလမ်း အစရှိသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက် တည်ရှိသော လမ်းပိုင်းတွင်ပါဝင်သည့်အတွက် ဒေသထွက်ကုန်စည်များ ကူးသန်းတင်ပို့ရာတွင် လွယ်ကူလျင်မြန်စေမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)