မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ရပ်/ကျေးစာရေးဝန်ထမ်းများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေး

ပွင့်ဖြူ  အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရပ်/ကျေးစာရေးဝန်ထမ်းများကို မိမိတို့ တာဝန်လုပ်ငန်းများအပြင် ရွေးကောက်ပွဲလုပ်ငန်းများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကြိုးစားဆောင်ရွက်ပေးမှုအပေါ် ဂုဏ်ပြုသောအားဖြင့် ရပ်/ကျေးစာရေးဝန်ထမ်း တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က နိုင်ငံတော်မှ ရပ်/ကျေး စာရေးဝန်ထမ်းများအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က တက်ရောက်လာသည့် ရပ်/ကျေးစာရေးဝန်ထမ်းများ အနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနေသည့်အတွက် မိမိတို့တာဝန်ကျရာ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ကို အလေးထား လိုက်နာကြရန် ၊ အတတ်နိုင်ဆုံး နေအိမ်တွင်သာ နေထိုင်ရန် ၊ မဖြစ်မနေ အပြင်သွားလာပါက နှာခေါင်းစည်း နှင့် မျက်နှာအကာများ တပ်ဆင်သွားလာကြရန် အသိပေးနှိုးဆော်ကြစေလိုကြောင်း ၊ မကြာမီကာလတွင် ရွေးကောက်ပွဲ ကျင်းပရ တော့မည်ဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်းတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုမှ ရပ်/ကျေး စာရေးဝန်ထမ်း(၅၆)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သိရသည်။

 ရဲဝင်းနိုင် ( ညောင်ဦး )