ထားဝယ် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်၊ (၅)လမ်းရှိ သာသနာ့ရောင်ခြည် ကျောင်းတိုက်အတွင်း နှစ်ထပ် ယောဂီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၁၈ ရက်နေ့နံနက်ပိုင်းက သာသနာ့ရောင်ခြည် ကျောင်းတိုက်၊ ဓမ္မာရုံ၌ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော တက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဥူးဇောတိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ဆရာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကလှူဒါန်းသည့် အလှူငွေ ၁၉၇ သိန်းကျပ် ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင် ဦးတင်ထွန်းက လက်ခံရယူပြီး ဂုတ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဆရာတော် ဥူးဇောတိကထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောတနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)