ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဝင်များနှင့်  စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် မေ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများနှင့် Youth Clubအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာကျော်ကျော်လှိုင်၏ “အောင်မြင်မှုသို့ခြေလှမ်း ၁၀၁ လှမ်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊  စာပေမှရရှိသည့် အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးရာ စာရေးဆရာကျော်ကျော်လှိုင်၏ “အောင်မြင်မှုသို့ခြေလှမ်း ၁၀၁ လှမ်း’’ စာအုပ်ထဲမှ မိမိရည်မှန်းချက်၊ မိမိအောင်မြင်မှုကို ချစ်မြတ်နိုးဖို့လိုပုံ၊ မိမိရည်မှန်းချက် အောင်မြင်အောင် ကြိုးစားနေချိန်တွင် မိမိလုပ်သည့်အလုပ်၊ မိမိစိတ်ဝင်စားတဲ့အရာများကို ချစ်မြတ်နိုးဖို့လိုပုံ အစရှိသည့် “အောင်မြင်မှုကိုချစ်မြတ်နိုးပါ’’ ခေါင်းစဥ်အား Youth Club အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မဂျူးသဉ္ဇာက လည်းကောင်း၊ အောင်မြင်မှုရဖို့အတွက် ကြိုးစားအားထုတ်နေချိန်တွင် အချိန်ကိုမျှမျှတတ အသုံးချတတ်ဖို့အရေးကြီးပုံ၊ အရေးကြီးတဲ့အချိန်တွင် နေ့မနားညမအား အလုပ်လုပ်ဖို့လိုပုံနှင့် အနားယူဖို့လိုအပ်ပုံ၊ မိမိ၏အချိန်ကို မျှမျှတတအသုံးချသင့်သကဲ့သို့ မိမိပတ်ဝန်းကျင်ရှိသူများ၏ အချိန်ကိုလည်း လေးစားဖို့လိုအပ်ပုံတို့ ပါဝင်သည့် “အချိန်ကိုမျှမျှတတအသုံးချပါ’’ ခေါင်းစဥ်အား မောင်ရဲရင့်ဖြိုးကလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူ အဖွဲ့ဝင်များကလည်း   အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထိုကဲ့သို့ Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဥ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)