မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်ခရိုင်ဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွများ စတင်ထုတ်ချေးပေးလျက်ရှိ

ပုသိမ် မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုသိမ်ခရိုင်ဘဏ်ခွဲတွင် မေလ ၁၈ ရက်၊ နံနက် (၁၀)နာရီ အချိန်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါငွေများ ထုတ်ချေးရာသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီးမန်နေဂျာ ဦးအေးသိန်းက ပုသိမ်ခရိုင်အတွင်းရှိ လက်ပန်ကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေများ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ချေးငွေများအား ထုတ်ချေးပေးခဲ့သည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးဆောင်ရွက်မည့် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးဧက ၃၂၀၀၀ ဧကအတွက် ကျပ်သန်း(၄၈၀၀)ကို ၂၀၂၃ ခုနှစ်၊ မေလမှစက်တင်ဘာလကုန်အထိ သတ်မှတ်ထားရှိပြီး ထုတ်ချေးဆောင်ရွက်မည့် တောင်သူများသည် အချိန်စေ့ရောက်ပြီးသည့် နှစ်စဉ်ချေးငွေ၊ နှစ်တိုးချေးငွေနှင့်နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်းအတိုးအပြည့်အဝ ပြေကျေရမည်ဖြစ်သည်။

ယနေ့တွင် ပုသိမ်ခရိုင်အတွင်းရှိ လက်ပန်ကျေးရွာ အုပ်စုမှတောင်သူ (၂၂)ဦး၊ လယ်ဧက(၁၉၁)ဧက အတွက်ချေးငွေစုစုပေါင်း (၂၈၆၅၀၀၀၀)ကျပ်ကို စတင်ထုတ်ချေးသွားမှာဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း မဒေါ့ကုန်းကျေးရွာနှင့် မရမ်းချောင်ကျေးရွာများမှ တောင်သူလယ်သမားများအား ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

မြင့်ဟန်

ပုသိမ် ခရိုင် (ပြန်/ဆက်)