လိပ်သိုမြို့ သံမိုးတောင်ကျေးရွာတွင် အားလုံးအကျုံး၀င် ပူးပေါင်းပါ၀င်သော မဲဆန္ဒရှင် အသိပညာပေး ရှင်းလင်းဆွေးနွေး

လိပ်သို၊ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သံမိုးတောင်ကျေးရွာတွင်  ဘုရား၏ မယ်တော်မာရိယားကျောင်း ဓမ္မာရုံ၌ ကရင်ပြည်နယ်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ရက် (KSCN) ၏ ဦးဆောင်မှုဖြင့်  အားလုံးအကျုံး၀်င ပူးပေါင်းပါ၀င်သော မဲဆန္ဒရှင် အသိပညာပေး အစီအစဉ်ကို ယမန်နေ့နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လိပ်သိုမြို့ လူမူထာလူမှုအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ နော်လဲလစ္စဘက်ချောက ပယ်မဲနှင့် ခိုင်လုံမဲအကြောင်း၊ မဲထည့်ပုံ ထည့်နည်းလမ်းညွှန်အား  ရှင်းလင်းဆွေးနွေးပေးပြီးနောက် မဲဆန္ဒရှင်တစ်ဦးသည် မဲရုံသို့  ၀င်ရောက်စာရင်းပေးသွင်းသည်မှ စတင်၍ မဲလက်မှတ်ထုတ်ယူခြင်း၊ ဆန္ဒပြုမဲထည့်ခြင်းနှင့် မဲရေတွက်ခြင်းတို့ကို  လက် တွေ့သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ခဲ့ပြီး  တက်ရောက်လာသူများအား တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းများနှင့် မဲဆန္ဒရှင်ပြည်သူများ သိရှိလိုက်နာလုပ်ဆောင်သင့်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများအား  ဖြန့်ဝေပေးခဲ့ပြီး  အလယ်ချောင်းကျေးရွာအုပ်စု၊ ဇလဲကျေးရွာ အုပ်စုနှင့် သံမိုးတောင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ မသန်စွမ်းသူများ ပါ၀င်တက်ရောက်ခဲ့ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)