ကံမမြို့နယ် ဂုံမင်းပြောင်ကျေးရွာနှင့် အလယ်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ မေ ၁၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ဂုံမင်းပြောင်ကျေးရွာနှင့် အလယ်ကျေးရွာတို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယမန်နေ့နံနက်(၁၀)နာရီက ဂုံမင်းပြောင်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းနှင့်အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊  တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှုအခြေအနေများအား ပြောကြားကြပြီး တက်ရောက်လာသည့်ဒေသခံပြည်သူများက ဒေသဖွံဖြိုရေးဆိုင်ရာ  ဆောင်ရွက်ပေးစေလိုသည့်  လုပ်ငန်းများကို တင်ပြဆွေးနွေးရာသက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းနှင့်ဌာနဆိုင်ရာများသည်  ယမန်နေ့နေ့လယ် (၁၂) နာရီ၌ အလယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ကျော်ဇေယျဝင်း(ကံမ)