ဒေးဒရဲ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါထုတ်ချေးပေးရာတွင် မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစန်းလွင်မှ ကျေးရွာများက တောင်သူများနှင့်တွေ့ဆုံ၍ အချိန်စေ့နှင့် အချိန်စေ့လွန်ကြွေးများ ပြေကျေရေး၊ မိုးရာသီ စိုက်ပျိုးစရိတ်ငွေကြေးသစ်တစ်ရပ် ထုတ်ချေးပေးနိုင်ရေးလုပ်ငန်းများကို မိမိလက်လှမ်းမီရာ ကျေးရွာများသို့ ထပ်ဆင့်မျှဝေပေးသွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး လေးအိမ်ကုန်းကျေးရွာအုပ်စုက တောင်သူ(၉)ဦး၏ စိုက်ပျိုးမြေ (၈၄)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၁၂၆)သိန်းအား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀)စုမှ တောင်သူ (၂၅၀၀)ဦး၏ စိုက်ပျိုးမြေ (၁၈၀၀၀) ဧကအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၂၇၀၀၀)သိန်းအား စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅%)နှုန်းဖြင့် ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အေဇာလင်း