ဝန်းသို အောက်တိုဘာ ၆
ကျေးလက်နေပြည်သူများ၏ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသော မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလန်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ပေးလျှက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်း ခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာ ပေါင်း(၃၅)ရွာတွင် ယူနစ် ပေါင်း(၂၁)ယူနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
ယင်းကျေးရွာများအနက် ဆေးခင်းခုံကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်း အခမ်း အနားကို ယနေ့ နံနက်(၁၁) နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာလ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၂၈)ဦးကို ငွေကျပ် (၁၅၄)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၈)ဦးကို ငွေကျပ် (၂၁၇)သိန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ (၂)ဦးကို ငွေကျပ်(၁၃)သိန်းနှင့် အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၀)ဦးကို ငွေကျပ် (၈၇)သိန်း၊ စုစုပေါင်းတောင်သူ (၆၈)ဦး အား လည်ပတ်ရန်ပုံငွေကျပ် (၄၇၁) သိန်းကို ချေးငွေရယူသူ လက်ဝယ်အရောက် ပြန်လည် ထုတ်ချေးပေးခဲ့သည်။
ဆေးခင်းခုံကျေးရွာသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေမှ အတိုးရငွေ စုစုပေါင်း (၃၅၀)ကျော်စုဆောင်းရရှိခဲ့ပြီး ပဉ္စမအကြိမ်လည်ပတ်ရန်ပုံငွေ၌ အတိုးရငွေမှ ငွေကျပ်သိန်း (၁၀၀) အသုံး ပြု၍ ရွာတွင်းလမ်းများအားလုံး ဂျင်းမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆက်လက်၍ စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာ ဘက်စုံ သုံးခန်းမဆောင် ဆောက်လုပ်ရန် လျာထားလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)