နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်မြစည်းခုံစေတီရွှေထီးတော် တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲ ကျင်းပ

နတ်မောက် မေ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဥပ္ပလ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြစည်းခုံစေတီတော်ဂေါပကအဖွဲ့၏ ဦးဆောင်ကူညီဖြင့် မြို့မကွက်သစ်ရပ်ကွက်ရှိ မြစည်းခုံစေတီရွှေထီးတော်သစ်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က  ဘုရားရင်ပြင်တွင် ကျင်းပခဲ့သည်။ 

ထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲသို့ နတ်မောက်မြို့ ဘုရားကြီးကျောင်းတိုက်ပဓာနဆရာတော် ဘန္ဒတ္တဦးဥပ္ပလမှ အနုမော်ဒနာတရားမြွက်ကြားပြီး ဆရာတော်သံဃာတော်တို့မှ အနေကဇာတင်ပူဇော်ခြင်း ပြုလုပ်ကြသည်။

ကျုပ်တို့ဒေသမှာ ဒီလိုဗုဒ္ဓရဲ့အဆုံးအမအတိုင်း စေတီဘုရားပြင်တာ၊ ထီးတော်တင်လှူကြတာက ဘုရားကြိုက်တဲ့အလုပ်ပါ။ ကောင်းတာလုပ်တဲ့အတွက် ကောင်းတာတွေဖြစ်လာကြမှာပါ။ ဒီနေ့ပွဲကိုလာကြတဲ့ ဒကာဒကာယိမရွာသူရွာသားတွေရဲ့ မျက်နှာတွေကိုကြည့်လိုက်ရင် ပျော်ရွှင်ကြည်နူးအေးချမ်းနေကြတာတွေ့ရတော့ ဘုန်းကြီးတို့ပီတိဖြစ်ရတယ်ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

နှစ်ကာလကြာမြင့်လာ၍ ပျက်စီးယိုယွင်းမှုများရှိလာသည့် မြစည်းခုံစေတီရွှေထီးတော်သစ်အား ဘုရားဒါယကာ ဦးဇော်လင်း ဇနီး ဒေါ်အိအိသိန်းမိသားစုတို့မှ အသစ်မွမ်းမံပြင်ဆင်ခြင်း၊ ထီးတော်အသစ်တစ်ဆူတင်လှူပူဇော်ခြင်း၊ ကုသိုလ်ယူပူဇော်ကြခြင်းဖြစ်ပြီး အလှူရှင်များမှ ရပ်ကွက်နေပြည်သူများနှင့်အတူ ရွှေထီးတော်သစ်တင်လှူခဲ့ကြရာ အဆိုပါထီးတော်တင်လှူပွဲတွင် မိုးငွေမိုးများပက်ဖျန်းကာ အောင်စည်အောင်မောင်းများတီးခတ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

လှဝင်း