အမာ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် (၁၂)နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းက စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားထားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်မှ အလုပ်ဆိုတာ မိမိကိုယ်ကို တည်ဆောက်ဖို့အတွက်၊ မိမိဘဝကိုခိုင်ခံ့စွာ တည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအင်အား ဖြစ်ပါကြောင်း စသဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ကလေးများ ဥာဏ်ရည်ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်းနှင့် အားကစားပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။
အမာ(ပြန်/ဆက်)