မြန်အောင် မေ ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကိုတစ်ဧကလျင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ယနေ့စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကနောင်မြို့မှ လယ်သမားများနှင့် တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေများအား လယ်ယာမြေအတွက် အကျိုးရှိစွာအသုံးပြုရန်၊ မိုးစပါး တစ်ဧက ၁၀ တင်းနှုန်း အထွက်တိုးရေးလုပ်ဆောင်ကြရန်နှင့် အကျိုးတူလယ်ယာ (Contract Farming) စနစ်ဖြင့် လယ်တစ်ဧကလျင် ကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသော ဓါတ်မြေသြဇာသွင်းအားစုများ အတိုးမဲ့ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်သင်းသင်းအောင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်(၁)ဧက ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးမှာ ဖြစ်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရှိတဲ့တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာ ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကနောင်မြို့မှ တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
မြန်အောင်မြို့နယ်မှ ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ (၉၀၀၀)ကျော်တို့၏ လယ်ယာမြေ ဧက(၇,၀၀၀၀)အတွက် ကျပ် (၁၀,၅၀၀၀)သိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန် လျာထားကြောင်း မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရှိရသည်။
၀င်းဗိုလ်
မြန်အောင် (ပြန်/ဆက်)