လေးမျက်နှာ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့နံနက်ပိုင်း၌ ”ပလပ်စ တစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး(Talk Show) ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဦးတင်ရွှေနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ဇေယျတို့ပူးပေါင်း၍ အများပြည်သူများ သန့်ရှင်းသာယာလှပသော လူနေမှုဘဝပတ်ဝန်းကျင်ကို ရရှိနေထိုင်နိုင်ကြစေရန် လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းကာ စုပေါင်းအမှိုက်ကောက်ခြင်း၊ စုပေါင်းသန့်ရှင်း ရေးများဆောင်ရွက်ခြင်းနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ အပတ်စဉ် တနင်္ဂနွေနေ့နှင့် အင်္ဂါနေ့များတွင် စည်ပင်သာယာ စျေးများ၌ ပလပ်စတစ်မသုံးစွဲရနေ့အဖြစ် ငှက်ပျောဖက်များ အစားထိုးသုံးစွဲရန် ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အများပြည်သူတွေ့ဆုံပွဲများ၌ ပလပ်စတစ်၏ ဆိုးကျိူးနှင့် ပလပ်စတစ်လျှော့ချသုံးစွဲရေးကို အလေးထားဟောပြော ဆွေးနွေး လျက်ရှိကြောင်း၊ ငှက်ပျောဖက်၏သက်တမ်းမှာ ၃ပတ်မှ၄ပတ်၊ တစ်ရှုးစက္ကူ၏သက်တမ်းမှာ ၂ပတ်မှ၄ပတ်၊ သတင်းစာစက္ကူနှင့် ကတ္ထူစက္ကူတို့၏သက်တမ်းမှာ ၁လခွဲမှ၂လ၊ ဆေးလိပ် အဆီခံ၏ သက်တမ်းမှာ ၁၀နှစ်မှ ၂၀နှစ်၊ သားရေးဖိနပ်နှင့်နည်းတူ အသုံးအဆောင်သား ရေပစ္စည်းများ၏ သက်တမ်းမှာ ၂၅နှစ်မှ၄၀နှစ်၊ ဒန်သတ္တုဗူးခွံ၏သက်တမ်းမှာ ၂၀၀နှစ်မှ ၅၀၀နှစ်၊ ပလပ်စတစ်ဗူးခွံ၏ သက်တမ်းမှာ ၁၅၀နှစ်နှင့် ပလပ်စတစ်အိတ်၏ သက်တမ်းမှာ ၄၀နှစ်မှ ၁၀၀၀ နှစ် စသော စွန့်ပစ်အမှိုက်များ၏ သက်တမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများနှင့်အတူ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်စီစဉ်တင်ဆက်လျက်ရှိသည်။
ကျော်ဟိန်း(ပြန်/ဆက်)