ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ရွှေကျင် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉:၃၀ နာရီက ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဒေါ်သန်းသန်းနွဲ့မှ တောင်သူများအနေဖြင့် ချေးငွေများ စိုက်ပျိုးရာသီအချိန်မှီ ထုတ်ချေးနိုင်ရန်အတွက် ကြွေးကျန်များ အချိန်မှီပေးဆပ်ကြရန်နှင့်ချေးငွေများကို လယ်ယာလုပ်ငန်းတွင်အကျိုးရှိစွာ အသုံးပြုရန် အလေးထားမှာကြားခဲ့ပြီး ချေးငွေစည်းကမ်းသတ်မှတ်ချက်နှင့်ချေးငွေမူစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဝင်းခနိမ်‌ကျေးရွာ၊ ကံဘေးအိုင်ကျေးရွာ၊ ကွမ်းဆိပ်ကျေးရွာများမှ  တောင်သူ(၁၄၇)ဦး၏ လယ်ဧကပေါင်း(၉၁၉)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ချေးငွေပေါင်း(၁၃၇၈၅၀၀၀၀)ကျပ်အား ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဒေါ်သန်းသန်းနွဲ့နှင့်ဝန်ထမ်းများက တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

 ထွန်းထွန်းဇော်(ပြန်/ဆက်)