မွန်​​ပြည်နယ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ

မော်လမြိုင် မေ ၁၈

မွန်ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ပြီး ကွင်းဆင်းသုတေသနပြု မှတ်တမ်းတင်ခြင်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်ရည်ရွယ်၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ယဥ်ကျေးမှုပြတိုက်၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒြပ်မဲ့ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ပြင်ပပညာရှင်များ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်း ကောက်ယူခြင်း လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် လုပ်ငန်းကော်မတီအသစ် ပြန်လည်ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုလုပ်ငန်းများကို အမျိုးအသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်မှသည် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းအထိဝင်နိုင်ရေးကို သက်ဆိုင်ရာ ကော်မတီအလိုက် ကြိုးစား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်သွင်းနိုင်ရန် ခေါင်းစဉ်(၂)ခုတွင် ပန်းတင်ခုံဖြင့် ပန်းထိုးပူဇော်သော ဓလေ့နှင့် မိကျောင်းတူရိယာတီးခတ်နည်းတို့ဖြစ်ကြောင်း၊ ရိုးရာလက်မှုလုပ်ငန်းများလည်း လုပ်ကိုင်လျက် ရှိကြောင်း၊ ရိုးရာဓလေ့အစဉ်အလာများ၊ လက်မှုပညာများ၊ ဖျော်ဖြေတင်ဆက်မှုအနုပညာများကို ဆက်လက်ထိန်းသိမ်းမှုမရှိလျှင် ပျောက်ကွယ်သွားတော့မည့် အနေအထားကို ဆက်လက် ရှင်သန်အောင် အားပေးမြှင့်တင်သွားရန်လိုအပ်ကြောင်း ကော်မတီအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အသိုက်အဝန်း ခေါင်းစဉ်အလိုက် စာရင်းကောက်ယူခြင်း၊ မှတ်တမ်းတင်ထားရှိခြင်း၊ ပြည်နယ်မှ ယခုအသစ်ထပ်မံဖွဲ့စည်းမည့် ဒြပ်မဲ့ယဉ်ကျေးမှုကော်မတီမှ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ပြင်ပပညာရှင် ဒေါက်တာဒေါ်ကြင်စွမ်က ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)၊ ပြည်နယ်ဦးစီးမှူးဦးအောင်နိုင်မိုးက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးပြုလုပ်ကျင်းပရသည့်အကြောင်းအရာများနှင့် မွန်ပြည်နယ်အတွင်းရှိ ဆောင်ရွက်ပြီးစီးခဲ့သော ဒြပ်မဲ့ယဉ်ကျေးမှုများကိုဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသော ဌာနဆိုင်ရာမှတာဝန်ရှိသူများက လိုအပ်သည်များကိုဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း ဒြပ်မဲ့ယဉ်ကျေးမှုနှင့်ပက်သက်၍ သတ်မှတ်အသိုက်အဝန်းနယ်ပယ်အလိုက် ခေါင်းစဉ်(၃၀၆)ခုရှိပြီး ၎င်းတို့ထံမှခေါင်းစဉ်အခု(၅၀)ကို ကွင်းဆင်းစာရင်းကောက်ယူ မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)