တောင်ငူ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး” အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး” အသိပညာပေးဟောပြောပွဲတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး က အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဆွေက ပလတ်စတစ်ညစ်ညမ်းမှုပြဿနာ၊ ပလတ်စတစ်ဆိုတာ ဘာလဲ၊ ပလတ်စတစ်ဆိုတာ ဘယ်အရာကနေပြုပြင်ထုတ်လုပ်ထားသလဲ၊ မိုက်ခရိုပလတ်စတစ်အကြောင်း၊ မိုက်ခရိုပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေးအခြေအနေများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်များနှင့်ဆိုးကျိုးများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျော့နည်းအောင်လျှော့ချနိုင်တဲ့ နည်းလမ်း (၅)သွယ်၊ လျှော့ချနိုင်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ စသည်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါအသိပညာဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ စနစ်တကျအမှိုက်စွန့်ပေး” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)