ကလိန်အောင် မေလ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ချစ်ခိုင်စံ ရေးသားထားသည့် "လူငယ်တွေ တကယ်ညံ့နေသလား" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာ "ချစ်ခိုင်စံ" ရေးသားထားသော "လူငယ်တွေ တကယ်ညံ့နေသလား" စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဦးသူရိန်နိုင်က "လူငယ်တွေမှာ စွမ်းရှိတယ်" ဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးခဲ့ရာ "လူငယ်များသည် အရာရာတွင် ဖျတ်လတ်တတ်ကြွနိုးကြား၍ အရာရာကို စူးစမ်းလေ့လာလိုသော စိတ်ဓာတ်ရှိကြသည်။ မိမိတွင်ရှိသောစွမ်းအားများဖြင့် မိမိဘဝကို အကောင်းဆုံး တည်ဆောက်သင့်သေးပေသည် ယခုတော့လူငယ်တစ်ချို့သည် ဆိုရှယ်မီဒီယာအား ဘဝကြီးတစ်ခုကဲ့သို့ နေ့နေ့ညည ဖက်တွယ်ထားသည်မှာ လမ်းမှားနေပေပြီ လူငယ်များ၏ စွမ်းအားများအမြင့်မားဆုံး ပေါ်ထွက်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါတယ်" စသည့်အချက်များကို ဆွေးနွေးပြီး စာပေဝါသနာရှင်ဒေါ်ရွှေအိက "လူငယ်ဟူသည်နိုင်ငံ၏ အသက်ရှည်ဆေးသာဖြစ်သည် နိုင်ငံတစ်ခုသည် သမိုင်းတွင် သက်တမ်းရှည်ရှည်နေရဖို့ရန် လူငယ်အဆက်ဆက်ဖြင့် လက်ဆင့်ကမ်းခဲ့ရသည် မဟုတ်ပါလား မိမိတို့တွင်အဖိုးတန်စွမ်းရည်များ ရှိကြပါတယ်။ ထို့နောက်မိမိဘဝကို မိမိတို့စွမ်းအားဖြင့် အလှပဆုံးဖူးပွင့်နိုင်အောင်ကြိုးစားကြမည်" စသည့်အချက်များကိုဆွေးနွေးပြီး စာပေဝါသနာရှင် ဒေါ်ရွှန်းလဲ့ဖြိုးက "စာအုပ်ပါ အသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကိုအသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ခင်ခင်လဲ့(ကလိန်အောင်)