ငဖဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင် ထုတ်ချေး

ငဖဲ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်သာကျေးရွာအုပ်စုမှ တောင်သူ (၇၁)ဦး၏ မိုးစပါးသီးနှံစိုက်ဧက (၁၁၈)ဧကနှင့် နှမ်းသီးနှံစိုက်ဧက (၂၃၀)တို့အတွက် ချေးငွေကျပ် (၄၀၇)သိန်းကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မြမြမိုးက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ယခင်ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေပြေကျေသည့် ကျေးရွာအုပ်စုများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ စည်သာကျေးရွာအုပ်စုမှ တောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံစိုက်ပျိုးစရိတ်အတွက် အကျိုးရှိစွာ သုံးစွဲရန်နှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး အလေးထား စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ထုတ်ချေးဆောင်ရွက် ပေးလျက်ရှိသည်။

ငဖဲမြို့နယ်အတွင်း ချေးငွေထုတ်ချေးရန် လျာထားသည့် ကျေးရွာအုပ်စု (၂၃)အုပ်စုမှ တောင်သူဦးရေ (၂၀၅၀)ဦးတို့ကို ချေးငွေကျပ်သိန်းပေါင်း (၁၅၀၀၀) ထုတ်ချေးပေးရန် လျာထား ထားရှိပြီး စပါးသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးကြောင်းနှင့် ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူများကိုလည်း စက်တင်ဘာလကုန်ရက်အတွင်း အပြီး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)