ဆိပ်ဖြူမြို့နယ်တွင် စိုက်ခင်းများ ထွန်ယက်စိုက်ပျိုးရေးအတွက် ခိုင်းနွားဈေး အရောင်းအဝယ်ဖြစ်ထွန်း

ဆိပ်ဖြူ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးကြိုကာလ၌ တောင်သူတို့စိုက်ခင်းများ ထွန်ယက်စိုက်ပျိုးခြင်းနှင့်  မြေပြင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခိုင်းနွားများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိမိတို့ပိုင်ဆိုင်သည့် လယ်၊ ယာနှင့် ကိုင်းစိုက်ပျိုးမြေများတွင်  မြန်မာ့ခိုင်းနွားများဖြင့် စိုက်ပျိုးမြေ ပြင်ဆင် ထွန်ယက်စိုက်ပျိုးခြင်း ဆောင်ရွက်ခြင်း၊ စိုက်ခင်းအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာ၌ ဒေသခံတောင်သူများသည် မိုးသီးနှံ ဆောင်းသီးနှံများ စိုက်ပျိုး ရိတ်သိမ်းပြီး နွေရာသီကာလ၌ မိမိတို့ပိုင်ဆိုင်သည့် ခိုင်းနွားများကို တောင်သူအချင်းချင်း နွားအလဲအထပ်ပြုလုပ်ခြင်း၊ ရောင်းဝယ်ခြင်းများပြုလုပ်ကြသည်။ ယခုလက်ရှိ မိုးကြိုကာလတွင် မိုးသီးနှံစိုက်ပျိုးရန် ထွန်ယက်မြေပြင်မှု ဆောင်ရွက်ချိန်အမီ ခိုင်းနွားများ အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း၊ ခိုင်းနွားတစ်ကောင်လျှင်  အရောင်အသွေးအမွေး၊ ခြေခွာ၊ ကြံ့ခိုင်မှုအခြေအနေပေါ်မူတည်၍ အနိမ့်ဆုံးဈေး ၁၃ သိန်းကျပ်မှ အမြင့်ဆုံးဈေး ၂၅ သိန်းကျပ်အထိ ဈေးပေါက်နေပြီး၊ ခိုင်းနွား တစ်ရှဉ်းစုံ အရောင်းအဝယ်ဖြစ်လျင် ကျပ်သိန်း (၄၀)မှ သိန်း(၅၀)အထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ မိမိဒေသအနေဖြင့် ခိုင်းနွားကို နွားရွှေနီမျိုးများကို တောင်သူများ အကြိုက်တွေ့ကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ 

ကိုဇွဲ(အညာမြေ)