ဆင်ပေါင်ဝဲ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းက မွှန်းစအုပ်စု၊ ငါးဇင်ရိုင်းကျေးရွာမှ တောင်သူ (၃၀)ဦး၏ စပါးစိုက်ဧက (၁၀၇) ဧကအတွက် ချေးငွေကျပ်(၁၆၀.၅၀)သိန်းကို ထုတ်ချေးပေးခဲ့သည်။
ယခုနှစ်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၄၃)အုပ်စုမှ စိုက်ပျိုးသည့် စိုက်ပျိုးတောင်သူပေါင်း (၃၅၀၀) ကျော်အား စုစုပေါင်းချေးငွေကျပ် သိန်း(၂၀၀၀၀.၀၀)ခန့်ကို အတိုးနှုန်းဖြင့် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရန် စီစဥ်ထားရှိကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်မြင့်မြင့်ဝေ၏ ပြောကြားချက်အရ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)